You are on page 1of 18

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ

ဒီတခါ ကြိုးစားမိတာက ပရလောက နာနာဘာဝ လို့ ခေါ်တဲ့ ဥစ္စာစောင့်တွေ အကြောင်းကို ဥစ္စာစောင့်ဘ၀ကနေ လူ့ဘ၀ကို အလည်ရောက်လာတဲ့ မဝေ (သူ့စကားအရ လူ့ဘ၀ကို မရောက်ဖူးလို့ဗဟုဿုတရဖို့အလည်လာတယ်ဆိုပါတယ်)ဆိုတဲ့ဒကာမလေးတယောက်ကပြောပြတာေ တွကို စာရေးသူနှင့် မိတ်ဆွေဦးဇင်းတပါး ငယ်ရွယ်စဉ် ရဟန်းငယ်ဘ၀က တွေ့ကြုံ ခဲ့ရတာပါ၊ အဲဒီထဲမှာ မှတ်သားစရာလေးတွေစိတ်ဝင်စားစရာလေးတွေပါနေတာမို့မျှဝေလိုက်ပါတယ် ကိုယ်တိုင် မျက်မြင် မဟုတ်တာမို့ ယုံဖို့ ခက်ပေမယ့် တကယ်ထင်ရှားရှိနေခြင်း၊ သူတို့ရဲ့လှုပ်ရှားလုပ်ကိုင်နေပုံများ၊ ဘ၀ကူးပုံများ၊ လူကို ၀င်ပူးပြီး အမှန်တွေကိုပြောနိုင်ခြင်း၊ သူတို့ရဲ့ ပျော်စရာဘ၀များကို ဖြတ်သန်းပုံ၊ ယောကျာ်းဘုန်းကံ မိန်းကလေးဘုန်းကံ အနိမ့်အမြင့် ကွာခြားပုံတွေကို သိရပါတယ်- သူ့စကားအရ ဒီလူ့ဘ၀ကသေရင် နောက် အဲဒီ ဥစ္စာစောင့်ဘ၀ကို ပြန်သွားမယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ် ဘာပဲပြောပြော သူ့စကားတွေက စာပေ ပါဠိတော် အဋ္ဌကထာတွေမှာ ပါတာတွေနဲ့ ကိုက်ညီနေတာတွေကို သတိထားမိပါတယ် အထူးသဖြင့် သူလို ဗုဒ္ဓဘာသာစာပေအကြောင်း ဘာမှ မသိသေးတဲ့ တောရွာက ကောင်မလေးတယောက်ရဲ့ စကားတွေက ကျမ်းဂန်နဲ့ ကိုက်ညီနေတဲ့ အတွက် လက်ခံရမှာပါ - -+ + + + +

ဟဲ့ မဝေ၊ နင့် လက္ခဏာ တွေက တော်တော်ဆိုးနေပါလား၊ ဘယ်လိုကြီးတွေလဲ မသိဘူး၊ ငါ့ ကြည့်ဖူး မြင်ဖူးသလောက်တော့ ဒီလို လက္ခဏာမျိုး တခါမှ မတွေ့ဖူးဘူး၊ ဘာဖြစ်လို့လဲ ဦးဇင်း ကြည့်စမ်းပါအုံး နင့်ရဲ့ အသက်လမ်းကြောင်းကလဲ တ၀က်ပဲ ပါတယ်၊ လူတိုင်းလို ပုံစံမျိုး မဟုတ်ဘူး၊

နောက်ပြီး တခြား ဥာဏ်လမ်းကြောင်းရော၊ ကံလမ်းကြောင်းရော၊ နှလုံးလမ်းကြောင်းရော အားလုံးက တ၀က်စီပဲ ပါနေတယ်၊ သတိထားနော် -နင်အသက် တိုလိမ့်မယ်၊ ကုသိုလ် ကောင်းမှု့လေး ဘာလေးလုပ်ပေးအုံး- ငါတော့ နင့်အစား တော်တော် စိတ်မကောင်းဖြစ်မိတယ် စာရေးသူတို့ စာသင်သားဘ၀က ရန်ကုန်မြို့ ဗဟန်း ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်မှာ ဓမ္မာစရိယ စာမေးပွဲအတွက်လေ့လာနေချိန်ဖြစ်ပါတယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ရွာတရွာက( နာမည်တော့ မမှတ်မိတော့ဘူး၊) မဝေ ဆိုတဲ့ မိန်းကလေးတယောက် နဲ့ သူ့ရဲ့ ညီမ တ၀မ်းကွဲ တယောက် အားလုံး ၅ ယောက် ၇န်ကုန်ကို ဘုရားဖူးလာရင်း ကျောင်းမှာ တည်းခိုနေကြတယ်၊ စာရေးသူတို့က အဲဒီတုံးက ၂၃ နှစ်အရွယ်နဲ့ မဝေက ၃၄ နှစ်ရှိနေပြီ၊ကျောင်းမှာ တည်းခိုကြရင်းဘုရားဖူး လိုက်ပို့ရတာပေါ့၊ ဒီလိုနဲ့ တနေ့ညပိုင်း သူတို့နဲ့ စကားပြောနေရင်းနဲ့ လက္ခဏာ ကြည့်ဖြစ်ကြတယ်၊ ဟုတ်တယ်ဘုရား၊ တပည့်တော်က အသက်တိုမှာ သိနေပါတယ်၊ နေရရင် နောက်ထပ် ၁၀ နှစ် မကြာတော့ဘူး၊ ဒါပေမယ့် ခြွင်းချက်တော့ရှိတယ်၊ တပည့်တော်လက်ထပ် ဖြစ်ရင် ၄၁ နှစ်ဆို သူတို့က ပြန်ခေါ်လိမ့်မယ်၊ လူလွတ်ဘ၀နဲ့ နေရင်တော့ စိတ်ကြိုက်နေခွင့်ပြုထားတယ်ဟင် ဘယ်လိုကြောင့်လဲ နားမလည်တော့ဘူး ဘာတွေ ပြောနေတာလဲ ဘယ်က ဟိုဘ၀လဲ - တင်ပါ တပည့်တော်က တကယ်တော့ ဥစ္စာစောင့်ဘ၀က လာတာ ဘုရား၊ လူ့ဘ၀က ပျော်စရာကောင်းတယ် ကြားဖူးလို့ ရောက်ဖူးတယ်ရှိအောင် အလည်လာတာပါ။ ဟိုဘ၀ လွှတ်လိုက်ကတည်းက အဲလို ကတိနဲ့ လွှတ်လိုက်တာ၊တကယ်လို့ လက်ထပ်ပြီး သားသမီးတွေ ဘာတွေ ရပြီး လူ့ဘ၀မှာတွယ် တာနေမှာစိုးလို့ စောစော ပြန်ခေါ်တာပေါ့ ၊

ဥစ္စာစောင့် ဘ၀က လာတယ် ဆိုတာ တကယ်ပြောနေတာလား - ဟု အားလုံးက တအံ့တသြမေးမိကြ၏၊ အော် ဒါဆို ဘာဖြစ်လို့ လူ့ဘ၀ကို လာတာလဲ - အခု ရောက်နေတော့ရော ဘာထူးသလဲ ပြောပါအုံး -

တကယ်တော့ သူ့ပုံစံက အပူအပင် ကင်းမဲ့ နေဟန် ကလေးလေး တယောက်လိုပါ၊ အဲဒီအချိန်တော့ အပူ ရှိနေပြီ ၊ သူ့မှာ ရည်းစားတယောက်ရနေတာ ပြောပြရှာတယ်၊ အသက် ၃၄ ဆိုပေမယ့် ဘယ်လိုမှ မထင်ရဘူး၊ ၂၀ ၀န်းကျင်ပဲ ထင်ရတယ်၊ နောက်မှ အသက်ကြီးမှန်းသိရတယ် ၊ ဒါပေမယ့် သိတယ် မဟုတ်လား ဥစ္စာစောင့် ဘ၀က လာတာဆိုတော့ ရုပ်ရည်က ချောမှချော လို့ ပြောရမယ်၊ ဆံပင်က ယောကျာ်းလေးလို ဂုတ်ဝဲ ခေါ်မလားပဲ လူ့ဘ၀ကပျော်စရာကောင်းတယ် လို့ပြောကြလို့ပါ၊ နောက်ပြီး ရောက်ဖူးတယ် ရှိအောင်လို့၊ တကယ်တော့ လူတွေက ကတိ သစ္စာ ကို သိပ်တန်ဖိုး မထားကြဘူးပဲ၊ တပည့်တော်တို့ဆီမှာတော့ ကတိတည်ကြတယ်၊ သစ္စာရှိကြတယ်-လူတိုင်း ဆိုပါတော့ -ကလေး လူကြီး အားလုံးပဲ ဟုတ်လား -- ဒါဆို မဝေက အဲဒီဘ၀ ကိုပဲ ပိုတန်ဖိုးထားတယ် အကောင်းမြင်တယ်ပေါ့ ၊ စာရေးသူလဲ ပြောဖို့ အခွင့်သာလာပြီလေ၊ ဒါနဲ့ ၀ိဥာဉ် လောကမှာ ကုသိုလ်ကောင်းမှု့ မလုပ်နိင်ပဲ လူ့ဘ၀မှာသာ ဆည်းပူးခွင့်ရတဲ့ အကြောင်း၊ ဗုဒ္ဒဘာသာ ကိုးကွယ်တာမှန်ရင် နိဗ္ဗာန် ပန်းတိုင်ကို ရောက်ဖို့ လူတိုင်း ကျင့်ကြံရမှာဖြစ်ကြောင်း၊ မဝေ တို့ ဘ၀မှာ ဒါန သီလ ဘာဝနာ တခုမျှ အားကိုးစရာ ရှာဖို့မလွယ်ကြောင်း၊ နောက်ပြီး မဝေတို့ ဘုံဘ၀တွေက အသက်ရှည်ကြီးနေရတယ် ကြားဖူးတယ် လူ့သက်တမ်းနဲ့ ဆို နှစ်ပေါင်းများစွာပေါ့၊ ဒါကြောင့် အခုလို ဘုရားပွင့်တဲ့ အချိန်နဲ့ ကြုံ့ကြိုက်ဖို့ ဆိုတာလဲ မလွယ်ကူကြောင်း၊ ကုသိုလ်ကောင်းမှု့မရှိဘဲ အဲဒီ ဥစ္စာစောင့် ဘ၀မှာ နေနေရတာ အချိန်တွေကုန်ပြီး တော်တော် နှမြောစရာ ကောင်းကြောင်း ၊ သူများတွေလို လူ့ဘ၀ကို လာတယ် ဆိုရင်လဲ သိုက်နဲ့ အဆက်အသွယ်ပြတ်သွားအောင် သိုက်ကြိုးဖြတ်ပြီး လူ့ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေပြီး ကုသိုလ်ကောင်းမှု့တွေ လုပ်ခွင့်ရနေရင် တွေးလိုက်တိုင်း ဘယ်လောက်ပျော်စရာကောင်းကြောင်း ပြောထည့်လိုက်မိတယ် စာရေးသူလဲ ဘယ်လောက် ပြောမိ တရားဟောမိသလဲ မသိဘူး၊ တခါထဲ စကားမဆုံးသေးဘူး ၊ တရှုတ်ရုတ်နဲ့ ၀မ်းနည်းလို့ ငိုပါလေရော -

ဟယ် မဝေ - အဲလို ကြီးတော့ ဘုန်းကြီးကျောင်းမှာ မငိုပါနဲ့ ၊မသင့်တော်ဘူး၊ ငါကလဲ နင်တို့ဘ၀ ကို သနားလို့ စေတနာနဲ့ ပြောမိတာပါ၊ တင်ပါ တပည့်တော်စေတနာ နဲ့ ပြောတယ်ဆိုတာ နားလည်ပါတယ် ဘုရား၊ ဒါကြောင့် ၀မ်းနည်းလို့ပါ တဲ့ ၊ ထိုခဏမှာပင် မဝေ သည် စကားပြောနေရင်း မူးမေ့လဲကျတော့ မည့်ဟန်လိုလို ဖြစ်သွားလေ၏၊ တကယ် လဲမကျသေးပါ၊ အခြေအနေ ကိုသိနေသော ညီမငယ်က ထိန်းပေးထားရှာ၏။ ဒါပေမယ့် ပုံမှန် အခြေအနေ မဟုတ်တော့တာကိုတော့ သိနေ၏၊ နောက် မျက်နှာသုတ်ပ၀ါ တထည်ကို တောင်းရာ ဘာလုပ်ဖို့လဲ - ဟု မေးမိ၏ ညီမ နှစ်ယောက်လုံး မဖြေသေးပေ၊ ဒါနဲ့ စာရေးသူတို့လဲ ဘုမသိ ဘမသိ ပေးလိုက်ပြန်၏၊ နောက် ထိုတဘက်ဖြင့် ရင်ဘတ်ကို နတ်ကတော်တို့ နတ်ပွဲ ကသလိုပုံစံပါပဲ စည်းနှောင်ပြီး စက္ကန့်ပိုင်းပဲ ကြာလိမ့်မည်ထင်သည်၊ တယောက်ယောက် ၀င်ပူးတော့မည် ဆိုတာ သိနေပြန်၏။ ထိုအချိန်မှာ စာရေးသူ က ဘာလုပ်လိုက်သည် ထင်ပါသလဲ - ၀င်ပူးလိုသူက ၀င်လို့ မရဘူး ဆိုပြီး ကြိုတင်တောင်းပန် မ၀င်မိခြင်းအတွက် တောင်းပန်ပါတယ် ဆိုတဲ့ အကြောင်း ၀င်ခွင့်တောင်းတယ် စာရေးသူတို့သည် ထိုအချိန်က အခန်းတွင်း၌ သောက်ရေအတွက် ညတရေးနိုး အလွယ်တကူ သောက်လိုက သောက်နိုင်ရန် ရေသန့်ဗူးလေးတွေကို ရေထည့်ပြီး ကိုယ့်နေရာ အနီး၌ ဆောင်ထားလေ့ရှိ၏။ ပုံမှန် မဟုတ်သော အခြေအနေကို သိရသည်နှင့် တပြိုင်နက် ရေကို လက်ခုတ်ထဲ ထည့်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ ပြီး မဝေ နဖူးဆီကို ပက်ထည့်လိုက်ပါတယ် အဲဒီအချိန်မှာ သံဗုဒ္ဓေ ဂါထာ ကိုလည်း ရွတ်ဖို့ သတိရပေမယ့် အချိန် မရှိတော့တဲ့ အတွက်ကြောင့် ဒီလောက် ရတနာသုံးပါးကိုပဲ ရွတ်ဆိုပက်ဖျန်းလိုက်တာပါ၊ - အံသြစရာ ကောင်းတာက ၀င်ပူးလိုသူက ၀င်လို့ မရဘူး ဆိုတာပဲ - ဒါဟာ ရတနာ သုံးပါး ကျေးဇူးပါဒါကြောင့် ဘုရားရှင် တရားတော်တွေဟာ သုံးတတ်ရင် သုံးတတ်သလို အကျိုးရှိပါတယ် ၊

ဦးဇင်း ပါးစပ်က ဘာတွေ ရွတ်နေသလဲ ဦးဇင်းတို့ကို အန္တရာယ် မပေးပါဘူး မရွတ်ပါနဲ့ တောင်းပန်ပါတယ် ဆိုတော့ အေး ဒါဆိုလဲ ပြီးတာပဲ မရွတ်တော့ ပါဘူး ဆိုပြီး အသာငြိမ်နေလိုက်ကြတယ်၊ ဒီလိုနဲ့ ၀င်ပူးတာ ၅ မိနစ် ကျော်လောက် ကြာမယ်ထင်တယ်၊အားလုံး ငြိမ်နေပြီးတော့မှ သူလဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ် မဝေ - စောစောက ဘာဖြစ်တာလဲ အော် တင်ပါ သိုက်က လိုက်ပြီး စောင့်ရှောက်နေသူက လာပြီး အပြစ်ပေးတာပါ၊ ကြိမ်ဒဏ် ၅ ချက် ရိုက်ခံလိုက်ရတယ်၊စောစောလေးကမှ ဘာအပြစ် ရှိလို့လဲ တကယ်တော့ တပည့်တော်တို့မှာ လက္ခဏာကြည့်စရာ မလိုအပ်ဘူး၊ အချိန်တန်ရင် ပြန်သွားရမယ်၊ အခု တပည့်တော်က အဲဒီအပြစ်လုပ်ပြီး သိုက်အကြောင်းတွေ ပြောပြမိလို့ပါ ဟင် - အံ့သြပြီးရင်း အံ့သြနေရပါလား - -

စာရေးသူဟာ ပရလောက ရှိတယ်ဆိုတာတော့ စာပေကျမ်းဂန်တွေမှာ ဖတ်မှတ်ဖူးတာရော၊ သူများတွေ ကြုံဖူးတာတွေရောကြောင့် လက်ခံပြီးသားပါ၊ ဒါပေမယ့် ဘယ်လိုပုံစံလဲ - ဘယ်လို ရုန်းကန် လှုပ်ရှားနေကြရသလဲ ဆိုတာကတော့ သိချင်ခဲ့တာအမှန်၊ အခုမေးကြည့်ဖို့ အခွင့်ကြုံပြီဆိုတော့ တစပ်တည်းမေးကြည့်မိတယ်၊ အခါတလေတော့ ၀င်ပူးနေဆဲ ပြောဆိုနေတာတွေကို သိပ်မယုံချင်ခဲ့ဘူး၊ ဒါပေမယ့် သူများမသိသေးတဲ့ ကိစ္စတွေကို သူတို့က သိနေတယ် ဆိုတော့ မယုံလို့ မရတော့ဘူး ဖြစ်နေတယ် -ဒါနဲ့ ဆက်ပြီး မေးကြည့်မိပါတယ်ကဲ- ဒါဆိုလဲ မဝေ မထူးတော့ ပါဘူး၊ ပြောပြပြီးပြီ ဆိုတော့ ဆက်ပြီးမေးချင်တယ် ဖြေပေးမလား -ဆက်ပြီးလဲ သူတို့က ဒဏ်မပေးလောက်တော့ပါဘူး ဘာတွေ မေးမှာလဲ ဦးဇင်းတို့က -

အော် မဝေတို့ ဥစ္စာစောင့်လောကမှာ ဘယ်လို နေထိုင်ရတယ် ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာ ပြောပြစမ်းပါ ၊ ငါတို့က ကြားရုံပဲ ကြားဖူးတယ်၊ တခါမှ ကြုံဖူးတာ မဟုတ်တော့ သူများပြောစကား နားထောင်ယုံနေရတာ - အဲဒါကြောင့် သိချင်လို့ပါ ဆိုတော့ နည်းနည်း တွေတွေ ငေးငေးလေး စဉ်းစားနေသေးတယ်၊ သူတို့ အရင်ဘ၀ကို သတိရနေတယ် ထင်ပါတယ်၊ နောက်မှ အင်း မေးပါ ၊ ဖြေတာပေါ့ တဲ့ ၊ အဲဒီဘ၀ကို ဘယ်လို စဖြစ်သလဲ မဝေ မှတ်မိသလားအင်း မှတ်မိပါတယ်၊ တကယ်တော့ တပည့်တော်က အရင်ဘ၀ က ယောကျားလေးဘုရား၊ လူတိုင်းက စဖြစ်ဖြစ်ချင်း ၁၆ နှစ်အရွယ်ပဲ ဖြစ်ကြတယ်၊ ယောကျားလေး မိန်းကလေးအားလုံး ဒီအရွယ်ပဲ၊ နောက်မှ နည်းနည်းချင်းအသက်ကြီးတဲ့ပုံစံတွေ ဖြစ်လာတာ၊ အဲဒီဘ၀မှာ တပည့်တော်က လူပျိုပေါက်အရွယ်ဆိုတော့ ကောင်မလေးတွေကို လိုက်ပိုးပန်းတာ မှတ်မိနေတယ်၊နောက်ပြီးတော့ တောထဲ တောင်ထဲမှာ ငှက်ပစ်တွေ ဘာတွေလဲ ထွက်ကြတယ်၊ အဲ ဒါဆို နင်တို့က လူ့ဘ၀လို ပဲပေါ့ ၊ ဟုတ်တယ် ဦးဇင်း ၊ ဒီက လူတွေလိုပဲ သွားလာ လှုပ်ရှား ရုန်းကန်နေကြတာပဲ ၊ ထမင်းချက်သူက ချက်၊ ထင်းခွေ သူက ခွေပေါ့ ( ထင်းခွေ ဆိုသည်မှာ တောထဲ တောင်ထဲသွားပြီး သစ်ကိုင်းခြောက်ဖြစ်စေ အစိုကိုဖြစ်စေ ခုတ်ပြီး အိမ်သယ်လာပြီး မီးစိုက်ရခြင်းဖြစ်သည်၊ မှတ်ချက်။ ထင်းမခွေ ဖူးတဲ့ မြှိုသူမြို့သားများ နားမလည်မှာ စိုးလို့ပါ) တခုတော့ ရှိတယ်၊ တပည့်တော်တို့ မောင်နှမ ၂ ယောက် ထင်းခွေသွားလို့် အပြန်ကျတော့ အဲဒီထင်းတွေ မနိုင်တော့ဘူးဆိုရင် ဦးဦးမည်းမည်းကြီးကို အကူအညီတောင်းလိုက်တာ ဘယ်လို အကူအညီလဲ ပြောပါအုံး နေပါအုံး အဲဒီမည်းမည်းကြီးက ဘယ်သူလဲ မဝေ အော် တပည့်တော်တို့ကို အုပ်ချုပ် စောင့်ရှောက်နေတဲ့ ဦးဦးပါ၊ သားတို့ ဒီထင်းစည်းကြီးကို မနိုင်တော့ဘူး၊ အဲဒါ ကူညီပါအုံး လို့ တမ်းတလိုက်ရင် ထင်းစည်းကြီးက အိမ်ကိုရောက်နေရော ဟာ အဲလို ရသလား ၊ ကောင်းတာပေါ့ နော အဲလို ကျတော့လဲ -ဟု အားတက်သရော ထောက်ခံပေးနေကြ၏။ ဟုတ်တယ်၊ ဒါကြောင့် ပျော်စရာကောင်းတယ် ပြောတာ၊ ဒါဆို လူတွေလို အိမ်ထောင်ပြုတာတွေလဲ ရှိတာပဲလား -

တင်ပါ ရှိတာပေါ့ဘုရား၊ ဒီလူလောကလိုပါပဲ ဟင် ဒါဆိုရင်ဖြင့် ပျော်စရာ မကောင်းပါဘူး ဟာ ၊ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခတွေလဲ အတူတူပဲကိုး၊ အဲဒါတော့ ဟုတ်တာပေါ့ဘုရား၊ တခြား ပျော်ပွဲ ရွင်ပွဲတွေလဲ ရှိသေးတယ် ၊ အဲဒါလဲ လူတွေလိုပါပဲ ဒါဆို လူ့ဘ၀ကို ရောက်လာပုံလေး ပြောပြပါအုံး၊ အဲဒါ ပိုသိချင်တာ လို့ ဆိုတော့ တပည့်တော်က လူ့ဘ၀ကို သွားချင်တယ် ဗဟုဿုတ ရအောင်လို့၊ ပျော်စရာ ကောင်းတယ်ကြားလို့ပါ ဆိုပြီး စောစောက ဦးဦးမည်းကြီးကို ပူဆာတာပေါ့ ။ ဟဲ့ မင်း တယောက်ထည်းကိုတော့ မလွှတ်နိုင်ဘူး၊ အဖော်နဲ့ နှယောက်မှ လွှတ်မယ် တဲ့ ၊ ဒါနဲ့ တပည့်တော်က ညီမလေးကို ခေါ်တာပေါ့။ ညီမလေးကလဲ တပည့်တော်ကို ချစ်တယ်လေ၊ တပည့်တော်က သူ့ကို အမြဲတမ်းကာကွယ် စောင့်ရှောက်ပေးထားတာကိုးဘုရား၊ ဘယ်လို ဘယ်လို မဝေက စောင့်ေ၇ှာက်ပေးတယ် ဟုတ်လား၊ ဟုတ်တယ်လေ - ဘာဖြစ်လို့လဲ တပည့်တော်က လောက်လေးခွ ပစ်တာ တော်တော်လက်တည့်တယ်၊ ဒါကြောင့် သူများတွေက ကြောက်ကြတယ်၊ အော် အဲလိုလား နောက်တော့ရော -လူ့ဘ၀ကို ဘယ်လို ၀င်လာသလဲ ဒါပေမယ့် လူ့ဘ၀ကို သွားချင်ရင်တော့ ခွင့်ပြုမယ်၊ ဒါပေမယ့် မိန်းကလေးဘ၀နဲ့ပဲ ခွင့်ပြုမယ်၊ ယောကျားလေးဘ၀နဲ့ဆို မရဘူး တဲ့၊ ဘာဖြစ်လို့လဲ လို့ စာရေးသူတို့က ပြိုင်တူမေးမိကြတယ်၊

မိန်းကလေးတွေက အထူးသဖြင့် စိတ်အားငယ်တတ်တယ်၊ ဒါကြောင့် ပြန်ခေါ်ရတာ လွယ်ကူတယ်ပေါ့ဘုရား၊ ( ဤနေရာ၌ ဗဟုဿုတအဖြစ် စာပေအရ လူတိုင်း၌ ရှိနေသော ဟဒယ၀တ္ထု ခေါ် စိတ်နှလုံးက အားငယ်တတ်ရင် အထူးသဖြင့် ၀မ်းနည်းနေတဲ့ အခါမျိုးမှာ သစ္ဆေသရဲ ဘီလူး ပြိတ္တာ စုန်းစသော ပရလောကမှ ပုဂ္ဂိုလ်များက ၀င်ပူးရတာလွယ်ကူတယ်လို့ သိရပါတယ်။ ဒါကြောင့်စာဖတ်သူများအနေနဲ့စိတ်ဓာတ်ကိုခိုင်ခိုင်မာမာထားနိုင်ဖို့သိပ်အရေးကြီးပါတယ်၊ဒါကြောင့်ထင်ပါတယ်၊ အဲလို ၀င်ပူးတာတွေက ယောကျားလေးတွေကို မ၇ှိသလောက် မကြားရသလောက်ပါပဲ)

ယောကျားလေးတွေကတော့ စိတ်ဓာတ်ခိုင်မာပြီး တဇွတ်ထိုး လုပ်တတ်ကြတယ်ဆိုတော့ ဥစ္စာစောင့်ဘ၀ကို ပြန်ခေါ်ဖို့ ခဲယဉ်းတယ်၊ နောက်ပြီး မိန်းကလေးဘ၀နဲ့ လူ့ဘ၀ကို လွှတ်ရင်လဲ စည်းစိမ်ချမ်းသာတဲ့ မျိုးရိုးမှာ ဖြစ်ရင် ပင်ပင်ပန်းပန်း လုပ်ကိုင် စားစရာ မလိုဘူး၊ အားလုံးပြည့်ပြည့်စုံစုံ ပဲမို့ ကိုယ်လက်ခြေ အင်္ဂါ တခုခု ချို့ယွင်းနေတာပဲ ဖြစ်တတ်တယ်၊ ဒါမှ သာ အဲဒါကိုအကြောင်းပြုပြီး သူက စိတ်အားငယ်နေမယ်လေ၊ ဒါဆို အရင်ဘ၀ကို ပြန်ခေါ်ရတာ လွယ်သွားပြီပေါ့၊ တပည့်တော်တို့က ပြောလိုက်တယ်၊ လုပ်ကိုင်စားရင် စားရပါစေ၊ ခြေလက်အင်္ဂါပြည့်ပြည့်စုံစုံပဲ လိုချင်ပါတယ်ဆိုလို့ ပစ္စည်းဥစ္စာမပြည့်စုံဘူးပေါ့ဘုရား၊ အော် ဟုတ်လား - စိတ်ဝင်စားစရာပဲ -ဆက်ပြောပါအုံးလို့ ထောက်ခံပေးကြတယ်၊ ဒါနဲ့ပဲ တပည့်တော်နဲ့ ညီမလေး တို့ကို ယခုဘ၀ အမေဆီ ရောက်အောင် ဦးဦးမည်းမည်းကြီးက လူ့လောကဆီ ခေါ်လာတယ်၊ နောက်တော့ ယခုအမေ ဆီမှာ ပြိုင်တူ ၀င်စားလိုက်တယ်ဘုရား၊ ဒါကြောင့် ဒီဘ၀မှာတော့ အမွှာပူးညီမ နှစ်ယောက်ပေါ့။ ဒါဆို အရင်ဘ၀ကနေ သေပြီးမှ လူ့ဘ၀ကို လာရမှာပေါ့ နော၊ ခန္ဒာကိုယ်ကြီးကို ဘယ်လို လုပ်ထားခဲ့သလဲ - ပြော ပါအုံး ဆိုတော့ တင်ပါ၊ ဒီဘ၀ ကို သွားတော့မယ် ဆိုတာနဲ့ ခန္ဒာကိုယ်ကြီးကို အဲဒီမှာပဲ ထားခဲ့ရတယ်ဘုရား၊ အဲဒီ ခန္ဒာကိုယ်ကြီးက ရွှေတုံးရွှေခဲကြီးလိုပဲ မလှုပ်မယှက်ပဲ ကျန်ခဲ့တယ်။တကယ်လို့ တပည့်တော်တို့က ဒီလူ့ဘ၀ကနေ တဖန် ပြန်သွားရင် အဲဒီ အရင် ခန္ဒာကိုယ်မှာပဲ ပြန်ဝင်ရတယ်ပေါ့ ၊ အရင် နေခဲ့ ထားခဲ့တဲ့ အသက်အရွယ်အတိုင်း ပြန်ဖြစ်ရပါတယ်၊ ဥပမာ အဲဒီဘ၀ မှာ ၂၅ နှစ်အရွယ်မှာ ရပ်ထားခဲ့ရင် ပြန်ဝင်ရင်လဲ ၂၅ နှစ်ကနေ ဆက်လက် နေသွားရမယ်ဘုရား၊ အခု တပည့်တော်က ၁၆ နှစ်အရွယ်မှာ ထားခဲ့တာဆိုတော့ ပြန်သွားရင် လူပျိုပေါက် အရွယ်ပဲပေါ့၊ တကယ်တော့ သိုက်ဆရာတွေက သိုက်ကြိုးဖြတ်ပေးတယ် ဆိုတာ အဲဒီ ရွှေရုပ်ထုကြီးကို ပျက်စီးသွားအောင် မီးရှို့ပစ်လိုက်တာပဲ၊ ဒါဆို ပြန်သွားစရာ မလိုတော့ဘူးပေါ့။ လွတ်လွတ်ကျွတ်ကျွတ် လူ့ဘ၀မှာနေနိုင်သွားပြီ၊ အမှန်အတိုင်း ပြောရရင် သူ့ဘက် ကိုယ့်ဘက်ပါအောင် လူကို လုယူကြတာပါ၊ လူအင်အား တောင့်တင်းအောင်ပေါ့ ဘုရား၊ အေး အေး ငါတို့ အတွက်တော့ ကြားရတာတွေက အထူးအဆန်းချည်းပါပဲ - ဖြစ်နိုင်ပါတယ်၊ ဒါဆို ဒီဘ၀မှာရော ဘာတွေ ထူးသေးသလဲ ပြောပြပါအုံး၊ ဥပမာ - သူတို့နဲ့ အဆက်အသွယ် ဘယ်လိုရသလဲ ဆိုတာ-

တင်ပါ - သိုက်က အကိုကြီးတယောက်က တပည့်တော်တို့ နောက်ကို အမြဲတမ်းလိုက်နေတတ်တယ်၊ ငယ်ငယ်တုံးက ဆိုရင် တောင်ပြုံးနတ်ပွဲလို ပွဲတွေ ရှိရင် သူတို့က လာခေါ်ကြတယ် အတူတူပျော်ရအောင်လို့ တဲ့ တော်တော်လဲ ပျော်စရာ ကောင်းတယ်၊ ဟင် ဘယ်လိုလာခေါ်တာလဲ မဝေတို့က ဘ၀ ခြားနေပြီလေ၊ နောက်ပြီး ကလေးတွေ ရှိသေးတာ ဘယ်လိုခေါ်မှာလဲ ဟုတ်ပါတယ် ကြားရရင် သိပ်အံ့သြနေမယ် ထင်တယ်၊ ကလေးဘ၀ တနေ့ညမှာပေါ့၊ သိုက်က သူငယ်ချင်းတွေက ပွဲတော်သွားရအောင် လာခေါ်ကြတယ်၊ တပည့်တော်တို့ကလဲ လိုက်မယ်ပေါ့ဘုရား၊ ညကျတော့ သူတို့ လာခေါ်တဲ့ အချိန်မှာ ညီမလေးက အမေ့ကို ကြောက်လို့ အမေ စိတ်ပူနေလိမ့်မယ် မလိုက်ချင်ဘူးတဲ့ ၊ တပည့်တော်က နှယောက်လုံးသွားမယ် မလိုက်လို့ မရဘူး ဆိုပြီး အတင်းခေါ်သွားတယ် ဘယ်လို သွားကြတာလဲ ဆိုတော့ - ခန္ဓာကိုယ်ကြီးတွေကို အိပ်ယာ ထဲမှာ ပစ်ထားခဲ့ပြီး ၀ိဥာဉ် တွေပဲ သွားတာလေ ၊ ပျော်တာ လွန်သွားလို့ မနက်လင်း အိပ်ယာ ထနေကျ အချိန်ထိ ညီမ ၂ ယောက်လုံး မထနိုင်သေးဘူး၊ အမေက အတင်းနှိုးတယ်။ ဒါပေမယ့် ခန္ဒာကိုယ်တွေက သာမာန်လူတွေလို အသက်မရှုတော့တဲ့ အတွက် အမေက ငါ့သမီးလေးတွေ သေသွားပြီ ထင်တယ် ဆိုပြီး အတင်း ငိုနေတာ တပည့်တော်တို့က တွေ့နေရတယ်၊ နောက်တော့ အဆင်ပြေသွားပါတယ်၊ သွားကြတော့လေ နင်တို့အမေက ငိုနေပြီ ဆိုပြီး နှင်လွှတ်လိုက်မှ နိုးလာကြတယ်၊ အဲဒီက စပြီး တပည့်တော်တို့ အမေက သိုက်က လာတယ် ဆိုတာ သတိထားမိသွားတယ်ဘုရား၊

စာရေးသူ တို့မှာတော့ ဒဏ္ဍာရီ ဆန်ဆန် ဇာတ်လမ်းကို နားထောင်နေရသလို ယုံရ ခက်ခက် မယုံရခက်ခက် အခြေအနေပေါ့၊ သို့ပေမယ့်လဲ ကာယကံရှင်က ပြောနေတာ ဆိုတော့လဲ မယုံလို့ မရ ဖြစ်နေမိတယ်၊ ကဲ - ထားပါတော့လေ - ဒါဆိုရင် မဝေတို့က ဒီဘ၀မှာ နှစ်ယောက်လုံး သိုက်ကြိုးမဖြတ်ကြတော့ဘူးပေါ့၊ ဟုတ်လား ဆိုတော့ တင်ပါ အခုမှ တော့ မလွယ်တော့ဘူးလေ ဘုရား တဲ့ ၊ အဲဒီ အစောင့်အရှောက် တွေ အကြောင်းကို စကားစပ်မိလို့ ပြောရအုံးမယ် ၊ တနေ့မှာပေါ့ မဝေက သူ့ ကောင်လေး နဲ့ လျောက်လည်ပြိး ပြန်လာတာ မကြာသေးဘူး၊ ကျောင်းလဲ ရောက်ရော ၀င်ပူးပါလေရော ဟာ လာပြန်ပြီ ဟေ့ သူငယ်ချင်းတို့ရေ - အခု လာတာက ဘယ်သူလဲ မသိဘူး သေချာ ဂရုစိုက်နေကြအုံးစို့

လို့ ဦးဇင်းတွေ အချင်းချင်း နှိုးဆော်ကြတယ်၊ ထင်တဲ့ အတိုင်းပါပဲ - ဒီတခါလာတာ သိုက်က မဝေရဲ့ အဖွား ဆိုပဲ ၊ အင်း အတွေ့အကြုံရတာပေါ့လေ၊ စောင့်ကြည့်ကြမယ် ဆိုပြီး အသာငြိမ်နေလိုက်ကြတယ်၊ မကြာပါဘူး အဖွားကြီးအသံ နဲ့ အနားမှာ ရှိနေတဲ့ ခင်မောင်ထွန်း ဆိုတဲ့ မဝေ ကောင်လေးကို စိုက်ကြည့်ပြီး ပြောတယ်၊ ဟေ့ သားလေး ဖိုးခွား၊ လို့ ဆိုတော့ ကောင်လေးက တုန်တုန်ယင်ယင်နဲ့ ဟုတ်ကဲ့ အဖွား တဲ့ ၊ အေး အဖွား မြေးမလေးကို ဖိုးခွားက အတည်အတံ့ တကယ်ပေါင်းသင်းမှာ ဟုတ်ရဲ့လား လို့မေးတော့ ဟိုကောင်လေးကလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ် ပေါင်းသင်းမှာပါ အတည်ချစ်တာပါ လို့ ပြန်ဖြေရှာတယ်၊

တကယ် မယုံနိုင်စရာပဲ ၊ မဝေက အဖွားကြီး အသံနဲ့ ပြောနေတာ၊ ဟန်လုပ်ပြောနေတယ် ဆိုရင်လဲ ရိပ်မိစရာ အကြောင်းရှိတယ် အခုတော့ ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားနေရတာဆိုတော့ မယုံလို့ မရပြန်ဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် အကြောင်း မေးရင်းနဲ့ ထူးခြားတာ သိပ်မရှိလိုက်ဘူး ၊ တစ်ခါ ပြီးသွားပြန်တယ်၊ သူတို့ နှစ်ယောက်ကတော့ ဆက်လက် တွဲဖြစ်နေကြတယ်၊ အခုချိန်မှာ ဘယ်လို ဖြစ်နေကြပြီလဲ ဆိုတာ အဆက်အသွယ်မရှိတော့တဲ့ အတွက် မသိရတော့ပါဘူး၊ တနေ့မှာပေါ့ - - အဲဒီတနေ့က တော့ မိမိတို့အတွက် မှတ်မှတ်ရရ ရှိနေမယ့် နေ့ပါ၊ လွန်ခဲ့တဲ့ ၇ နှစ်ကျော်၂၀၀၃ ခုနှစ်က အဖြစ်အပျက်ဆိုတော့ ရက်စွဲကို မမှတ်မိတော့ပါဘူး၊ ညနေပိုင်း ၃ နာရီလောက်မှာ မောင်ခင်မောင်ထွန်း နဲ့ မဝေ က ရွှေတိဂုံဘုရားပေါ် ဘုရားဖူး တက်ကြမယ် ၊ ဦးဇင်းတို့ရော လိုက်ပို့ပေးပါ တဲ့၊ တကယ်တော့ သူတို့က ရောက်ဖူးပြီးသားပါ၊ ဘုရားနဲ့ နီးနေတဲ့ အတွက် ခဏ တိုင်း လမ်းလျောက်ရင်း တက်ဖြစ်ခဲ့ကြတယ်။အဖွဲ့လိုက် ဘုရားပေါ် ကို အေးအေးဆေးဆေး စကားပြောရင်း သူတို့ ၂ ယောက်က ရှေ့ဆုံးကပေါ၊့ စာရေးသူတို့က နောက်ကနေ တဖွဲ့လိုက်ကြတယ်၊

အဲဒီမှာ ပြဿနာ စတာပါပဲ ၊ မဝေ ရဲ့နောက်ကို အခါတိုင်း နောက်က လိုက်နေကျ သိုက်က အကို ကြီးတင် မကပဲ ကြေးသွန်းဘုရားကြီးမှာ ရှိနေတဲ့ ဥစ္စာစောင့် ညီမ ငါးယောက်ထဲက အငယ်ဆုံးလို့ ဆိုရမယ့် ညီမငယ်တယောက်က သူ့ကို

စကားလိုက်ပြောနေတယ် လို့ ဆိုပါတယ်၊ ( စကားချပ် = ဒါကတော့ ပြန်လာပြီး ကျောင်းမှာ ကိုယ့်နေရာ ကိုယ်ရောက်မှ ၀င်ပူးပြီး ပြောပြတဲ့ စကားအရ သိရပါတယ်) ဒါကြောင့်လဲ သူ့ ကောင်လေးနဲ့ စကားပြောနေချိန်မှာ ကောင်လေးကိုလဲ စကားပြန်ပြောရ နောက်ပြီး မလှမ်းမကမ်းကနေ ပါလာတဲ့ ဥစ္စာစောင့် ကောင်မလေးကိုလဲ ပြန်ပြီး ပြောနေရမို့ သူ့မှာ အာရုံ နှစ်ခု ဖြစ်နေပါတယ်၊ သူ့စကားအရ အဲဒီကောင်မလေးက ဘုရားပေါ် အထိ လိုက်လာပြီး နောက်ကနေ တကောက်ကောက် လိုက်စကားပြောနေပါ တယ် တဲ့။

ထားလိုက်ပါတော့ - ကျောင်းကို ပြန်ရောက်တာ နားလို့ မကြာသေးဘူး၊ နာရီဝက်လောက်ပဲ ရှိမယ် ထင်တယ်၊ ၀ိုင်းစုပြီး စကားထိုင်ပြောနေချိန် မောင်ခင်မောင်ထွန်းက စိတ်ကောက်ပါလေရော - ဘာဖြစ်လို့လဲ ဆိုတော့ မဝေက သူ့ကို အရေးတယူ စကားမပြောဘူး ဂရုမစိုက်တော့ဘူးပေါ့ ၊ ဒါကြောင့် သူက စိတ်ကောက်တယ် ဆိုပဲ၊ အဲဒီမှာ သူ့ကို တကယ် သံယောဇဉ် ရှိရှာတဲ့ မဝေ က ၀မ်းနည်းနေတယ်၊ အပေါ်ယံက စကားပြောနေပေမယ့် သူ့ စိတ်ထဲမှာတော့ ကြိတ်ပြီး ငိုနေမယ် ထင်တယ်၊ မှတ်ချက် ။ မဝေ ၀မ်းနည်းနေဆဲဖြစ်တဲ့အတွက် ၀င်ပူးလိုသူက စိတ်ရှည်ရှည် စောင့်ဆိုင်းနေပါတယ်။ အဲဒီအချိန်မှာပဲ မဝေက မျက်နှာသုတ်ပ၀ါ တောင်းပြန်တယ်၊ ဘာ ဖြစ်ပြန်ပြီလဲ မဝေ - တင်ပါ့ ဦးဇင်းတို့ ထဲက ဦးသောဘန ဆိုတဲ့ ဒီဦးဇင်းကို ကောင်မလေး တစ်ယောက်က စကားပြောချင်လို့ ပြောခွင့်ပြုဖို့ ခွင့်တောင်းနေတယ် - အဲဒါ ခွင့်ပြုမလား တဲ့၊ ဟဲ့ ကြံကြံ ဖန်ဖန် ဘယ်ကကောင်မလေးမှ တို့မှာ မရှိဘူး၊ မတွေ့ချင်ပါဘူး၊ အဲလိုပြောလိုက် -ဆိုတော့ ကျန်တဲ့ ဦးဇင်းလေး တပါးက စပ်စပ်စုစု ၀င်မေးတယ် ဘယ်က ကောင်မလေး တဲ့လဲ မဝေ သိုက်က ပါပဲ ဘုရား၊ သူက ကြေးသွန်းဘုရားကြီးမှာ နေနေတဲ့ ညီမ ငါးယောက် ထဲက အငယ် ဆုံးလေးပါ၊ သူက တပည့်တော်အပေါ် မှာကျေးဇူးရှိခဲ့ ဖူးတယ်ဘုရား ၊ ဒါကြောင့် တပည့်တော်ကလဲ သူ့ကို ကူညီပေးချင်လို့ပါ - ဟင် - - - ဆိုပြီး စာရေးသူ တို့ ပြိုင်တူ မျက်နှာချင်းဆိုင် ကြည့်မိလိုက်ကြတယ် ဒါနဲ့ နေစမ်းပါအုံး မဝေ - မေးပါရစေအုံး - သူတို့က မဝေ နဲ့ ဘ၀မှ မတူတာကြီးကို ဘယ်လို နားလည်သလဲ -

တင်ပါ - တပည့်တော်က သူတို့ကို မြင်ရတယ်ဘုရား၊ နောက်ပြီး သူတို့ ပြောနေတာကိုလဲ ကြားရတယ် သိနေတယ် အဲဒီလိုပဲ တပည့်တော်ပြောတာကို သူတို့လဲ နားလည်နိုင်တယ်ဘုရား၊ အခု သူက ဦးဇင်းတို့ ကျောင်းတိုက်မုဒ်ပေါက်ဝမှာ စောင့်နေတယ်၊ ဒါပေမယ့် ကျောင်းထဲကို ၀င်လို့ မရသေးဘူး၊ ဦးဇင်းတို့က ၀င်ခွင့်ပြုမှ ကျောင်းစောင့်နတ်ကလဲ ခွင့်ပေးပြီး ၀င်လာလို့ရမှာပါ၊ အန္တ၇ာယ်လဲ မပေးပါဘူး၊ သူ ပြောလိုတာ ပြောပြီးရင် ထွက်သွားမှာပါ တဲ့ ၊ အေး ဒါဆိုလဲ ပြီးတာပါပဲ - ၀င် ခွင့်ပြုတယ် လို့ ပြောလိုက်ပါ၊ တင်ပါ ဆိုပြီး တဘက်ကို ခါးမှာစည်းနှောင်ပြီး ခဏနေတော့ လဲကျသွားတယ်၊ အမှန်တကယ်ပါပဲ သူ့ခန္ဓာကိုယ်က လူသေကောင်တယောက်လို အသက်မရှူတော့ဘဲ ၁၀ စက္ကန့်လောက်ပဲ ကြာမယ် အဲဒီအချိန်လေး အတွင်းမှာ လဲကျသွားတဲ့ ခန္ဓာကိုယ်ကြီးကို အနားမှာ ရှိနေတဲ့ သူ့ညီမလေးက ကြမ်းပြင်ပေါ် လဲကျမသွားအောင် ထိန်းပေးရှာတယ်၊ စာရေးသူ တို့မှာတော့ ရင်တထိတ်ထိတ် နဲ့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ သတိထားကြည့်နေရတာပေါ့ ။ ၁၀ စက္ကန့် လွန်မြောက်တဲ့ အချိန်မှာတော့ မဝေ က အသက်ပြန်ရှူလာပြီး သူပြောလိုတဲ့ ဦးဇင်းလေးကို မျက်နှာချင်းဆိုင်ပြီး တရစပ် စကားပြောပါတော့တယ်- -

ပြောရင်းပြောရင်းနဲ့ မျက်ရည်တွေက မျက်နှာမှာ ပြည့်လျံနေပြီ ဦးဇင်း တပည့်တော်လေ အရှင်ဘုရား ရန်ကုန်မြေပေါ်ကို ရောက်လာကတည်းက နောက်ကနေ အမြဲလိုက်နေခဲ့ပါတယ်၊ တကယ်တော့ တပည့်တော်နဲ့ အရှင်ဘုရားက အရင် တစ်ဘ၀ကျော်က ရေစက်ဆုံခဲ့ကြတယ်ဘုရား၊ ဒါပေမယ့် ကံမကောင်းချင်တော့ တပည့်တော်က ဒီဘ၀ကိုေ၇ာက်လာရတယ်၊ အရှင်ဘုရားကတော့ ကံကောင်းပြီး သာသနာ့ဘောင်မှာ နေနေ၇တယ်၊ အချိန်တွေ ကြာပေမယ့် တပည့်တော်မေတ္တာ မပျက်သေးပါဘူး၊ မျှော်လင့်ချက် ရှိနေသေးတယ်၊ အရှင်ဘုရားကို မျက်နှာချင်းဆိုင် စကားပြောနိုင်ဖို့ အမြဲ စောင့်နေခဲ့တာပါ၊ ဒီနေ့ကျမှ ဒီဝိဥာဉ်မလေး ( မဝေ ) ကျေးဇူးနဲ့ ပြောခွင့်ရတော့တယ်၊ သူက ရှမ်းမျိုးနွယ်ဘုရား၊ တပည့်တော်ကတော့ ဗမာ အနွယ်ပါပဲ၊ အခု အချိန်တွေ ကြာလာတော့ မမျှော်လင့် ချင်တော့ပါဘူး၊ အရှင်ဘုရားလဲ သာသနာ့ဘောင်မှာ ပျော်ပျော်နေနိုင်အောင် ကြိုးစားပါ၊ ဆိုပြီး စကားအရှည်ကြီး ပြောနေခဲ့တယ်၊ ဦးဇင်းလေးကလဲ တအံ့တသြနဲ့ ကြောက်တာ ကြေက်နေတာ စုံစုံလင်လင်မေးဖြစ်အောင် မေးမိတယ် - -

အေး ငါတို့ ဘုရားရှင်ကလဲ ဟောထားတာပဲ၊ လူတိုင်းဟာ ဘ၀တိုင်းမှာ ရေစက်ဆုံဖူးကြတယ်၊ အမေ အဖေ ညီ အကို မောင်နှမ နောက်ဆုံး ဇနီး ခင်ပွန်း တော်စပ်ဘူး ကြတယ် အဲလောက် ထိအောင် သံသရာက ရှည်လျားတယ် လို့ ဟောထားတဲ့ အတွက် နင်ပြောတာကို ယုံပါတယ်၊ ဒါပေမယ့် ငါတို့က အရင်ဘ၀ ဆိုတာကို မမြင်နိုင်တော့ ဘာမှ မသိသေးဘူးပေါ့၊ နင်ပြောတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါဆိုရင် မေးပါရစေ --

အခု နင်က ဘယ်မှာ နေနေ ရသလဲ - ရွှေတိဂုံအရှေ့မုဒ် ကြေးသွန်း ဘုရားကြီးရဲ့ တနင်္ဂနွေဒေါင့် မှာ ညီမ ငါးယောက်နေရပါတယ်ဘုရား၊ ( မှတ်ချက် တနင်္ဂနွေဒေါင့် ဆိုသည်မှာ ဘုရားကြီး ၏ နောက်ကျော အရှေ့မြောက်ဒေါင့် အရပ်ကို ရည်ညွှန်းပါသည်) ဒါဆို နင်တို့က ဥစ္စာစောင့် တွေ ဆိုတော့ ပစ္စည်းတွေ အများကြီး ရှိမှာပေါ့်၊ ဟုတ်လား - - ဆိုတော့ - တင်ပါ့ တပည့်တော်တို့က ဘုရားကိုပဲ စောင့်၇တာ ဘုရား ၊ သူများတွေလို ပစ္စည်းတွေ စောင့်ရတာ မဟုတ်ဘူး၊ ဟင် - -- ဒါဆို ဘုရားစောင့် ဘ၀ပေါ့ -အေး ထားပါတော့ - နင့် နာမည်ရော ဘယ်လို ခေါ်သလဲ - အရင် ဘ၀က ရေစက်ဆုံဖူးတယ် ဆိုတော့ ငါလဲ နာမည်လောက်တော့ သိချင်လို့ပါ - -ပြောပြလို့ မရလို့ပါ ဘုရား၊ တပည့်တော် ဆန္ဒအရဆိုရင် ပြောပြချင်ပါတယ်၊ ဒါပေမယ့် တပည့်တော်တို့မှာ ပြောခွင့် မရှိဘူးဘုရား၊ အေး အေး ပြောလို့ မရဘူးဆိုရင်တော့ မမေးတော့ပါဘူး၊ စာဖတ်သူများ ဤနေရာ၌ သတိထားစေချင်ပါသည် ။ စာရေးသူသည် တော်တော်နှင့် သူ ပြောနေသည်ကို လက်မခံချင်ပါ၊ သို့ပါသော်လည်း ၀င်ပူးနေစဉ်အချိန်တွင် မည်သူ တဦးတစ်ယောက်မှ မသိသေးဟု ထင်ရသော ကိစ္စတခုကို အစဖော်ပြီး မေးကြည့်ရာ သူက ဖွင့်ပြောမှ မှင်သက် အံ့သြ ရလေ၏၊ အကြောင်းကား -- ဘယ်နေ့ ဘယ်ရက်က ကြေးသွန်းဘုရားကြီး၏ မုဒ်ပေါက် ရှေ့မှာ ဘယ်သူနှင့် ဘာတွေလုပ်ခဲ့သည်၊ စသည်ဖြင့် အတိအကျ ပြောပြသောကြောင့်တည်း။ တကယ်တော့ ထို ကိစ္စ တွေကို ၀င်ပူးခံနေသော မဝေ သည် လုံးဝ သိရှိထားခြင်း မရှိပါချေ။

ထိုစဉ်အချိန်တွင် စကားပြောရင်း တရှုတ်ရှုတ် ငိုနေသော သူမကို မဝေ နဲ့ရော ဘယ်လို ပက်သက်သလဲ -- လို့ မေးကြည့်မိရာ - ဘ၀တူ တွေ ဆိုတော့ တယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်မှု့ရှိပါတယ်၊ အခုလဲ သူက ကူညီလို့ ဦးဇင်းနဲ့ တွေ့ခွင့်၇တာပါ။ သူတို့က ရှမ်းမျိုးနွယ်မို့ တဘက်ကို သုံးလေ့ရှိကြတယ်ဘုရား၊ အခု တပည့်တော် ဦးဇင်းနဲ့ စကားပြောခွင့်ရတဲ့အတွက် ကျေနပ်ပါပြီ၊ ဒီဘ၀ကနေလဲ ကျွတ်လွတ်ချင်ပါပြီ ၊ အဲဒါ ကူညီပေးပါဘုရား

အေး ဘယ်လို ကူညီပေးရမလဲ ပြောပါ၊ တတ်နိုင်တာဆို ကူညီပေးပါမယ် --လို့ မယုတ်မလွန် သတိထား ပြောလိုက်မိတယ်၊ ဟုတ်တယ်လေ သူတို့က ကတိသစ္စာကို တန်ဖိုးထားတယ်၊ တော်ကြာ စကားလွန် ကတိလွန်မိမှ စဉ်းစားကြည့်ရင် ရင်လေးစရာ၊ တင်ပါ တပည့်တော်ကို ရည်စူးပြီး မနက်ဖြန်မှာ အမျှအတန်း ပေးဝေပေးပါဘုရား၊- ဟုတ်ပါပြီ ဒါဆို အချိန်ကန့်သန့်ချက် ရှိသေးသလား- ဘယ်အချိန် လာရမလဲ ပြောပါ - -ရပါတယ်ဘုရား၊ တပည့်တော် မနက်ဖြန် တနေ့လုံး စောင့်နေပါ့မယ် -ဟုတ်ပါပြီ စိတ်ချချ နေပါ၊ ဒါနဲ့ အလှူအတန်း ရော လုပ်စရာ လိုသေးသလား လိုအပ်ရင် လုပ်ပေးပါ့မယ် - ဆိုတော့ တင်ပါ့ မလိုပါဘူး၊ အမျှဝေရင် ရပါတယ်ဘုရား တဲ့၊ မနက်ဖြန် ညနေ ၄ နာရီလောက် စောင့်နေပါ ၊ ဆက်ဆက် လာခဲ့ပါမယ် ကူညီပေးပါ့မယ် လို့ ကတိပေးလိုက်ပါတယ်၊ တင်ပါ ဒါဆို တပည့်တော် ပြန်ပါတော့မယ်ဘုရား၊ ဒီ ၀ိဥာဉ်မလေးကိုလဲ ကျေးဇူးတင်တဲ့အကြောင်း နှုတ်ဆက်ခဲ့တယ် ဆိုတာ ပြောပေးပါ ဘုရား - -တဲ့၊ အဲဒီလိုလဲ ပြောပြီးရော - - ၂ စက္ကန့်လောက်ပဲ ကြာမယ် ထင်တယ်၊ မဝေ ရဲ့ ခန္ဓာကိုယ်ကြီးက အရင်လိုပဲ လဲကျသွားလို့ တစ်ယောက်က ထိန်းပေးထားရတယ်။

နောက်ထပ် ၁၀ စက္ကန့်လောက်ပဲ ကြာလိမ့်မယ်၊ ပြန်လည်သတိရလာပြီး မျက်စိထဲက မျက်ရည်တွေကို သုတ်နေရင်း ဘာတွေ ပြောသွားတာလဲ ဦးဇင်းတို့ တဲ့၊ ဒီလိုပါပဲ - - ဆိုပြီး အကျဉ်းချုံး ပြောပြလိုက်တယ်၊

အော် ဦးဇင်းတို့က သူ့မျက်ရည်တွေကို သယ်သွားခိုင်းမှ ပေါ့ဘုရား၊ ဒါဆို တပည့်တော် မျက်နှာမှာ မျက်ရည်တစက်တောင် မကျန်ခဲ့တော့ဘူး၊ ဟင် -- အဲဒီလို ခိုင်းလို့ ရသလား ၊ ငါတို့က သိမှ မသိတာ၊ ကြုံလဲ မကြုံဖူးတော့ ဘာလုပ်ရမယ်မှန်းလဲ မသိဘူး သတိပဲ ထားနေရတယ် - တင်ပါ့ အခုတော့ ပြီးပါပြီ ကိစ္စမရှိတော့ပါဘူး၊ သူကလဲ ၀င်ပြီး ပြန်ထွက်ပေးမယ် ပြောပါတယ် ၊ ဒါကြောင့် တပည့်တော်ကလဲ ၀င်ခိုင်း လိုက်တာပါ ။ သူက ၀င်ပြီး မထွက်ရင် တပည့်တော်က သေမှာဘုရား - -တဲ့၊

အေး မဝေက ပြီးပေမယ့် ငါတို့က မပြီးနိုင်သေးဘူး၊ မေးစရာတွေ အများကြီးပဲ မေးရမှာပဲ - -ဆိုတော့ မေးပါ တဲ့။ ဒါနဲ့ စာရေးသူတို့ကလဲ တရစပ် မေးတော့တာပေါ့၊ စောစောက ညနေက ပြန်စမေးမယ်- မဝေ နောက်ကို သူက ဘယ်လို လိုက်နေသလဲ ပြောပြပါ - ကျောင်းက ထွက်ကတည်းက သူက နောက်က လိုက်နေတယ် ၊ ဘုရားပေါ်ထိ လိုက်ဆဲပဲ ၊ ပြန်ဆင်းလာတော့လဲ ပါလာတာပဲ ၊ အခု ကျောင်းမုခ်ပေါက် ရောက်မှ မလိုက်နိုင်တော့တာ၊ ဘာလဲ ဆိုတော့ သူက ဒီဦးဇင်းကို စကားပြောချင်ပါတယ် ၊ကူညီပေးပါ တဲ့။အခု တပည့်တော်တို့ စကားပြောနေတာကို သူက ကျောင်းမုဒ်ပေါက်ကနေ လှမ်းပြီး စကားပြောနေတာ ဘုရား -တပည့်တော်က မဖြစ်နိုင်ပါဘူး၊ လို့ ငြင်းတော့ ကလေးတယောက်က ပူဆာနေသလိုပဲ ပူဆာနေတယ် ၊ ဒါကြောင့်လဲ ကို ခင်မောင်ထွန်း နဲ့ စကားပြောတာက ပြတ်ပြတ်သွားတယ် ၊ သူ့ကို လှမ်း လှမ်းပြီး စကားပြောနေ ရလို့ပါ ။ အော် ဒါဆို သူက အနား အထိ ဘာလို့ ကပ်မလိုက်လာသလဲ - အနားအထိ လိုက်ပြီး စကားပြောပါတော့လား - တင်ပါ့ တပည့်တော်ဘေးနားမှာ ယောင်္ကျားလေးရှိနေလို့ပါ၊ သူ့ဘုန်းကံကြောင့် အနားအထိ ကပ်လို့ မရပါဘူး။ အရှင်ဘု၇ားတို့ သင်္ကန်း အနားဆို ပိုပြီးတောင် မကပ်နိုင်ပါဘူးဘုရား၊ အဲဒီလို ကွာခြားပါတယ် - အော်အော် ဟု သာ ရေရွတ်မိလေ၏။ ကဲ ဒါဆို မဝေ က သူတို့ကို မြင်ရတယ် ဆိုတော့ ဘယ်လို ပုံစံလေးလဲ ပြောပြစမ်းပါ - အဲဒီမိန်းကလေးက အစိမ်းရောင် ၀မ်းဆက် ၀တ်စုံနဲ့ပါ၊ ဆံပင် အရှည်ကြီးနဲ့ အရမ်းလှတယ်၊ အသားဖွေးတယ်၊ အသက်က ၂၂ နှစ် ၀န်းကျင် ရှိလိမ့်မယ်ဘုရား၊ အေး ငါတို့လဲ မြင်ဖူးချင်လိုက်တာ ဒီလိုမှန်းသိရင် ပြခိုင်းပါတယ် ဟု ဦးဇင်းတပါးက ၀င်ပြောလေ၏၊

စာရေးသူက သိချင်သော အရာတို့ကို မေးပြန်၏၊ ဒါဆို မဝေ- -

နတ်တွေ ဆိုတာရော မြင်ဖူးသလား ဒါမှ မဟုတ် ဥစ္စာစောင့်တွေကိုပဲ မြင်ရသလားတင်ပါ့ မြင်ဖူးပါတယ် ဘုရား၊ အခုလဲ အာရုံပြုကြည့်ရင် မြင်ရပါတယ် တကယ် မြင်ရတယ် ဆိုရင် ပြောပြစမ်းပါ - ဘယ်လို ပုံစံလဲ ဆိုတာ သိချင်လို့ပါ၊ လူတိုင်း မြင်ဖူးနေသလို ပြက္ခဒိန်တွေထဲကလို အချွန်အတက်တွေ နဲ့ပဲလား တချို့လဲ အဲဒီလို ပါပါတယ်၊ ဒါပေမယ့် ပုံထဲက အတိုင်းတော့ အချွန်အတက်တွေ အများကြီး မပါဘူး၊ နည်းနည်းပဲ ပါပါတယ်။ ဒါဆို ကိုယ်ရောင် ကိုယ်ဝါ တွေရော ဘယ်လိုလဲ - လင်းထိန်နေသလား -တင်ပါ့ - နတ်တစ်ပါးနဲ့ တပါး မတူညီကြဘူးဘုရား၊ တချို့က အရောင်အ၀ါတွေက ၀င်းထိန် တောက်ပြောင်နေပြီး တချို့ကတော့ ဖျော့ဖျော့ပဲ ရှိကြတယ်၊ တချို့လဲ လုံးဝ မရှိသလောက်ပဲ၊ အေး ဒါဆို ဖြစ်နိုင်ပါတယ်၊ ငါတို့ ပါဠိတော် စာပေတွေမှာလဲပဲ ဘုန်းကံနည်းပါးကြတဲ့ နတ်တွေက ကိုယ်ရောင်ကိုယ်ဝါ မရှိပဲ ကုသိုလ်ကံ ဘုန်းကံ ကြီးတဲ့ နတ်တွေပဲ တောက်တောက်ပြောင်ပြောင် ရှိကြတယ် တဲ့။ အဲဒီ အဖြေကိုတော့ ကျေနပ်ပါတယ်၊ ဤနေရာ၌ နတ်တွေကို မြင်ဖူးသော မန္တလေးမြို့ ကျေးဇူးတော်ရှင် ဗန်းမော် ဆရာတော်ဘုရားကြီး၏ အင်တာဗျူး တခု၌ အချို့နတ်များ ကိုယ်ရောင်ကိုယ်ဝါ မတူညီကြပုံ နှင့် အချွန်အတက် များစွာ မပါကြပုံကို ဒီဝက်ဆိုက် မှာ ကလစ်ပြီး ကြည့်ရှု့နိုင်ပါတယ်။

သူတို့က ဘယ်နေရာတွေမှာ နေကြသလဲ မဝေ - - မြင်နိုင်တယ် ဆို ပြောပြပါအုံး - -အခု အနီးစပ်ဆုံး ပြောရရင် ဦးဇင်းတို့ နေနေဆဲ အဆောင် ပေါ်မှာပဲ အောက် လှေခါးခုံမှာ တစ်ယောက်ရှိတယ်ဘုရား၊ နောက် အထက် လှေခါးအဆုံး တခါး ၀င်ပေါက်မှာလဲ ရှိပါတယ်၊ အောက်ထစ်ဆုံး ဦးဇင်းတို့ နေနေတဲ့ အခန်း တိုင်းမှာလဲ တံခါး ပေါက်တိုင်းမှာ ရှိနေပါတယ်၊ နောက်ပြီး သစ်ပင်ကြီးတိုင်း လိုလိုမှာလဲ ရှိနေကြတယ်၊ စောစောက ပြောတဲ့ ကျောင်းတိုက် မုဒ်ပေါက်ဝ မှာလဲ ကျောင်းဝင်း စောင့်နတ်ကြီးရှိပါတယ်၊ အခု သူက ၀င်လာခွင့်ပေးလို့ဝင်ခွင့်ရတာပါ။ အယ် ဒါဆို ငါတို့ကို စောစောက ဘာဖြစ်လို့ ၀င်ခွင့်တောင်းနေသလဲ - -

တင်ပါ သူက ၀င်ခွင့် မပေးပါဘူးဘုရား၊ ဒါပေမယ့် ပိုင်ရှင်ဖြစ်တဲ့ အရှင်ဘုရား တို့က ၀င်ခွင့်ပေးမှသာ သူတို့ကလဲ ခွင့်ပြုကြပါတယ်။ အော် ဒါဆို အိမ်တွေမှာလဲ နတ်တွေက ရှိတာပဲလား မဝေ - ရှိတာပေါ့ဘုရား၊ ဥစ္စာစောင့်တွေ ဆို သူ့ နေရာနဲ့သူ လမ်းပေါ်မှာလဲ သွားလာနေကြတာရှိတယ်၊ သူတို့က လူတွေကြားထဲ မှာပဲ လှုပ်ရှားသွားလာနေကြတာပါ၊ တခါတလေ ဆို လူတွေလို ဈေးလိုက် ၀ယ်ကြတာတောင် ရှိပါတယ်၊ အော် - နောက်ဆုံးမေးခွန်း အနေနဲ့ မေးချင်လို့ပါ - စောစောက မဝေ ၀င်ပူးခါနီးမှာ တဘက်ကို စည်းပြီး လဲကျသွားတာ ဘာဖြစ်သွားတာလဲ - အဲဒါ ပြောပြပါအုံး -

အဲဒါ ရှင်းအောင် ပြောရရင် ၀ိဥာဉ်ချင်း လဲလှယ်တာဘုရား၊ တပည့်တော် ၀ိဥာဉ်က ကျောင်းတိုက်အပြင်ဘက်ကို ထွက်ပေးရတယ်၊ အဲဒီနောက်မှ အဲဒီ ကောင်မလေး ၀ိဥာဉ်က ၀င်ပူးပြီး စကားပြောတယ်၊ ပြီး ပြန်ထွက်ပေးရတယ်၊ သူက ပြန်ထွက်မပေးရင် တပည့်တော် ပြန်ဝင်လို့ မရတော့ဘူး၊ ၀ိဥာဉ်ချင်း လဲလိုက်တာပေါ့၊ သူက ထွက်လာပြီး ကျောင်းအပြင်ဘက်ရောက်မှ တပည့်တော်က ပြန်ဝင်ရတယ်ဘုရား။ ။ အဲဒီ ကိစ္စက လူတိုင်းပဲလား - ဟုတ်ပါတယ် ကျောင်းစောင့်နတ်တွေက ၀င်ခွင့်ပြုမှပဲ ရတယ်ဘုရား - အင်း အင်း ကျေနပ်ပါပြိ မဝေ - - အားလုံးပြောပြတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နောက်တရက်၌ အထက်ပါ ဦးဇင်းလေးသည် ညနေ ၄ နာရီခန့် ကြေးသွန်းဘုရားကြီးဆီ သွားပြီး အစောင့်အရှောက်တွေကို အားလုံး ဖိတ်ခေါ်ကာ ဘုရားရှင်ရှေ့၌ ပရိတ်ကြီး ပဋ္ဌာန်းဒေသနာ နှင့် မေတ္တာဘာဝနာတို့ကို ပို့သလျက် အထူးအားဖြင့် ညီမ ငါးဖော်မှ အငယ်ဆုံး ဥစ္စာစောင့်မလေးအား တိုင်တည်ကာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု့ အားလုံးအတွက် အမျှအတန်းပေးဝေ ခဲ့ပါတယ်၊ ထိုအချိန်မှ စပြီး ထူးခြားမှု့ တစုံတရာ မတွေ့ရတော့ပါ။ ကျွတ်လွတ်သွားပြီ ထင်ပါသည်။ အကယ်၍များ မကျွတ်လွတ်သေးရင်လဲ အခုချိန်တိုင်အောင် သတိရတိုင်း မေတ္တာပို့ အမျှပေးနေမည်သာ ဖြစ်ပါသည်။ ။ စာကြွင်း ။ ။ ၂၀၀၃ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော တကယ့်အဖြစ်အပျက်အား ပြန်လည် ရေးဖွဲ့ခြင်းဖြစ်ပါသည်။ စာပိုဒ် အစဉ်မကျပဲ ချွတ်ချော်မှု့ တစုံတရာ ရှိပါကလဲ စာရေးသူ၏ မပြည့်စုံမှု့သာ ဖြစ်ပါသည်၊ စာဖတ်ပရိသတ်များ စိတ်ရှည်ရှည် စောင့်မျော် ဖတ်ရှု့ အားပေးခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊

မေတ္တာ များစွာဖြင့် - အရှင်သုနန္ဒာလင်္ကာရ ( ပန်းကမ္ဘာ )

You might also like